Sunday 17 October 2010

Climate Change & Astrology (ကမ္ဘာ့ရာသီဥတုနှင့် ဗေဒင်ပညာ)

ရာသီဥတုပြောင်းလဲခြင်း (Climate Change) နှင့် ဗေဒင်ပညာ (Astrology) ဆက်စပ်မှုအပေါ် သံတမန် တစ်ဦး၏အမြင်

(ဤဆောင်းပါးသည်- MOTAA အသင်းတွင်- စေတနာ အလျှောက် ၀င်ရောက်ကူညီ အကြံပေးနေသော ဆရာဦးရဲမြင့်၏ ဆောင်းပါး ဖြစ်ပါသည်။ ဆရာဦးရဲမြင့် အနေဖြင့်- ဘ၀ တစ်တက်သာ တွင် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ ကမ္ဘာနှင့် ဆိုင်ရာ နက္ခတ် ဗေဒင် လောကတွင် နှံ့စပ်ကျယ်ပြန့်ခဲ့သော ဗဟုသုတ များမှာ မြန်မာ များအတွက်သာ မက- လူသားများအတွက် ပါ လွန်စွာ အကျိုးရှိနိုင်သော အကြောင်း အရာများဖြစ်သဖြင့် ဆရာဦးရဲမြင့်အား- ဤဆောင်းပါးများကို စဉ်ဆက် မပြတ်ရေးသားပေးနိုင်ပါရန် လည်း - အားလုံးကိုယ်စား ကျွန်တော် နျူမာန်မှ လေးစားစွာ ပန်ကြားအပ်ပါသည်။ - နျူမာန် (မိုးတား))



 ရာသီဥတု ပြောင်းလဲခြင်း ကိစ္စသည် ယနေ့ ကမ္ဘာ့ နိုင်ငံရေး လောကနှင့် သံတမန်လောကတွင် ထိပ်တန်း ရောက်နေသည့် ဆွေးနွေးငြင်းခုံစရာ ဘာသာရပ်တစ်ခုအဖြစ် နေရာယူထားသည်ကို သိရှိကြမည် ထင်ပါသည်။ သို့ရာတွင် ရာသီဥတု ဗေဒဘာသာရပ်ကို အထူးလေ့လာနေသူများမှာ သိပံ္ပ ပညာရှင်များ (scientists) သာဖြစ် ကြပြီး သံတမန်များက ၄င်းတို့၏ လေ့လာသုတေသန စာတမ်းများကို အားကိုး တကြီး ဖတ်ရှု ကြကာ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံတော် အာဏာပိုင်များကို နိုင်ငံရေး ရှုထောင့်မှ နိုင်ငံ့အကျိုး၊ အမျိုးသားရေး အကျိုးတို့ ကိုကြည့်ပြီး ထပ်ဆင့်ပြန်လည် ရှင်းလင်း တင်ပြရလေ့ ရှိပါသည်။ နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များ၊ လွှတ်တော် အဖွဲ.အစည်းများမှ ဆုံးဖြတ်ချက်များကို စွဲကိုင်ပြီး သံတမန်များက ရှေ.တန်း ဆွေးနွေးပွဲများတွင် မိမိ တို့အလိုရှိရာ နိုင်ငံ့အကျိုး အမျိုးသားရေး ပုံစံနှင့် ရည်မှန်းချက်များ ရရှိရေးအတွက် ရှင်းလင်းကြ၊ ငြင်းခုံကြ လုပ် ကြရသည်။ ဤကား သံတမန်တိုင်း ၏အဓိကလုပ်ငန်း တာဝန်ကြီးလည်းဖြစ်သည်။

    ထိပ်တန်းမျက်နှာစာ ဆွေးနွေးပွဲများမှာ သံတမန်တို့ အဓိကကျက်စားရာ ကုလသမဂ္ဂ အဖွဲ.အစည်း ဆွေးနွေးပွဲ များတွင် ဖြစ်သည်။ ထို သံတမန် ဆွေးနွေးပွဲများ အကြား ဗေဒင်ပညာရပ် အကြောင်း ပါဝင်လာမည်ကို မည်သည့် သံတမန် တစ်ဦးတစ်ယောက်ကမျှ ထင်မှတ်မထားခဲ့ပါ။ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ဘာသာရပ် နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ စွမ်းအင်သိပ္ပံ ပညာရှင်များပါဝင်သော Japan Society of Energy and Resources- JSER က ကုလသမဂ္ဂ The Intergovernmental Panel on Climate Change- IPCC သို့တင်သွင်းသည့် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲရခြင်း အကြောင်းခံ တရားများတွင် လူသားများ တီထွင် ခဲ့သည့် စက်ရုံများမှ ထုတ်လွှင့်သော မှန်လုံအိမ် ဓါတ်ငွေ.များ ကြောင့် ဟူသောအချက် အလက် ထက်- ရှေးဟောင်း အလယ်ခေတ် ဗေဒင်ပညာရပ်များတွင်ဖော်ပြထားရှိသကဲ့သို့ သဘာဝ သံသရာ လည်မှုများ (natural cycles) ကြောင့် ဖြစ်သည်ဟု ၂၀၀၉ ခုနှစ်၊ဇန်န၀ါရီလ အတွင်းက သုံးသပ် တင်ပြခဲ့ ကြပါသည်။ အဆိုပါအကြောင်းအရာ မူရင်း အချက်အလက်များကို    http://www.theregister.co.uk/2009/02/25/jstor_climate_report_translation/ သွားရောက် လေ့လာဖတ်ရှု နိုင်ပါသည်။
 ဂျပန်သိပ္ပံ ပညာရှင်များက လက်ရှိ ကုလသမဂ္ဂသို့ အနောက်နိုင်ငံ များက တင်သွင်း ခဲ့ကြသည့် အစီရင်ခံ စာတွင် ဖော်ပြထားသော ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကွန်ပြူတာ အချက်အလက် ပုံစံများကို ရှေး ဟောင်း ဗေဒင်ပါ အချက်အလက်များဖြင့် နှိုင်းယှဉ် ရှင်းလင်းခဲ့သည်။ ထိုမူရင်း ရှင်းလင်းချက်များမှာ နားလည်ရန် ခက်ခဲပြီး သာမန် စာဖတ်သူတစ်ဦးအတွက် ရှုပ်ထွေးလှသဖြင့် ဤနေရာတွင် climate change ၏ အခြေခံသဘောတရားများနှင့် စာရေးသူ၏ ယူဆချက်များကိုသာ ဆက်လက် တင်ပြသွားပါမည်။
 ကနဦးရှင်းပြ လိုသည်မှာ ရာသီဥတုပြောင်းလဲ ခြင်းတွင် လူသားများ လုပ်ဆောင်မှုများ ကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်း (Anthropogenic Global Warming-AGW) ဟူသော အယူအဆကို လက်ကိုင် ထားကာ စက်မှု ဖွံ.ဖြိုး တိုးတက်သောနိုင်ငံများ၊ ဖွံ.ဖြိုးဆဲ နိုင်ငံများတွင် အထိန်းအချုပ် မရှိပဲ သစ်တောများ ခုတ်ထွင်မှု၊ စက်ရုံများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ နှင့် လေအေးစက်နှင့် ရေခဲသေတ္တာသုံး ကာဗွန်ဖလိုရိုဒ် များကြောင့် လေထုလွှာ အပေါ်ရှိ အိုဇုန်းအလွှာ ပေါက်မှုများ ဖြစ်ရသည်။ ထိုထို့ သော အကြောင်း များကြောင့် ကမ္ဘာကြီး ပူနွေးလာသည်။
 ယင်းသို့ဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချရေး အတွက်ကမ္ဘာ့ နိုင်ငံ အသီးသီးက ဘက်ပေါင်းစုံမှ ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြရာ၊ ၁၉၉၇ ခုနှစ်က ဂျပန်နိုင်ငံ ကျိုတိုမြို.တွင်  ကျိုတို သဘောတူညီချက် (Kyoto Protocol) ပြဌာန်း နိုင်ခဲ့သည်။ ထိုသဘောတူညီချက်အရ ဖွံ.ဖြိုးပြီးနိုင်ငံ (၂၆) နိုင်ငံနှင့် စီးပွားရေးအသွင် ကူးပြောင်းဆဲ (၁၃) နိုင်ငံတို့ ၁၉၉၀ ပြည့်နှစ်မှ စတင်လျက် ၄င်းတို့ထုတ်လွှတ်ခဲ့သည့် မှန်လုံအိမ်ဓါတ်ငွေ. ပမာဏ၏ ၅.၂% ကို သတ်မှတ်ကာလ ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အတွင်း လျှော့ချကြရမည်ဖြစ်သည်။
 ယခုအခါ ကမ္ဘာ့အပူချိန်သည် (၁.၇) ဒီဂရီ စင်တီဂရိတ် ခန့် ပိုမိုပူနွေးလာ နေသည်ဟု ခန့်မှန်း တွက်ချက် ထားကြသည်။ ကမ္ဘာ ကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ ရာသီဥတုလည်းပြောင်းလဲလာသည်။ ပြောင်းလဲမှု ပြင်းထန် လာသောအခါ ရာသီဥတု ဖေါက်ပြန်ခြင်းနှင့် ကြုံဆုံရတော့သည်။ ၂၆-၁၂-၂၀၀၄ ရက်နေ့က ကြုံတွေ့ ခဲ့ရသော အင်ဒိုနီးရှားက စတင်သည့် ဆူနာမီငလျင်၊ ၄-၅-၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နာဂစ် ဆိုင်ကလုန်းနှင့် ၁၂-၅-၂၀၀၈ တွင် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့် တရုတ်နိုင်ငံ စီချွမ်မြေငလျင် များသည် မကြာ သေးမီကာလ ကပင်ဖြစ်ပျက်ခဲ့ကြသည့် ကြီးမားသော သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီးများ အဖြစ်အမှတ် ထင်ထင်သတိရနေကြ ဦးမည်ထင်ပါသည်။ ထိုဖြစ်ရပ်ကြီး များသည် ကမ္ဘာ့ရေရှည် ထိန်းသိမ်း ထားနိုင်သော ဖွံ.ဖြိုး မှု (sustainable development) ကို စိန်ခေါ် သကဲ့သို့ ဖြစ်ခဲ့ရသည်။ ထိုစိန်ခေါ်မှု (challenges) သည် ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှု ပြဿနာ၊ လူဦးရေ ပြဿနာ၊ ဆင်းရဲချမ်းသာ ကွာဟမှုပြဿနာ၊ ဆင်းရဲမွဲတေမှု၊ အစာရေ စာရှားပါးမှုနှင့် အဟာရချို.ယွင်းမှု၊ ရောဂါ အသစ်အဆန်းများ ဖြစ်ပေါ်လာမှု စသည် တို့ကို တွေ့ဆုံ ရင်ဆိုင် ဖြေရှင်းရေးဖြစ်သည်ဟု အနက် အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့သည်။
 ထိုအခြေအနေများက ကမ္ဘာပျက်ကိန်း(သို့) ကာလပျက်ကိန်း (Apocalypse) ဘာသာတရား အယူ အဆ တို့ဖြင့် လွှမ်းမိုးသော ဟောကိန်း များလည်း ပြန်လည် ခေတ်စားလာခဲ့ကြသည်။ ကပ်ဘေးကြီးများ (Catastrophes) များအကြောင်း ကိုလည်း ပိုမိုစိတ်ဝင်စားလာကြသည်။ ခရစ်ယာန် ဘာသာ၌ ကပ်ကြီး (၄) ပါးကို မြင်းစီးသူရဲ လေးယောက် အဖြစ် ဖော်ညွှန်းခဲ့ကြသည်။ ထိုမြင်းစီး သူရဲများသည် မတူညီသော ဦးတည်ချက်၊ ကာလ၊ အချိန်အမျိုးမျိုး တို့ကို သွားရောက် ခဲ့ကြသည်။ မြင်းစီးသူရဲများ အဖြစ် ဖော်ညွှန်းခဲ့သော ကပ်ကြီး (၄) ပါး မှာ သဘာဝ ဘေးအန္တရာယ်၊ စစ်ပွဲကြီးများ၊ စီးပွားရေး ပျက်စီးခြင်းနှင့် ရောဂါဘေးဆိုးကြီး တို့ဖြစ်ကြသည်။ (၂၁) ရာစုနှစ် တွင်မူ   ပညာရှင်တို့က ကပ်ကြီး (၄) ပါးသာမက အကြမ်းဖက်ဝါဒ၊ နျုကလီးယား၊ သိပ္ပံ နယ်လွန်ဖြစ်ရပ် များ၊ ပင်လယ သမုဒ္ဒရာများ ပျက်စီးခြင်း၊ ရာသီဥတုများ ဖေါက်ပြန်ခြင်းစသော အချက်အလက်များကိုပါ ထည့်သွင်း လျက် ကပ်ကြီး (၁၂)ပါး ထိရှိသည် ဟူသော တင်ပြရေးသားချက် များကိုလည်း ဖတ်ရှုလာရသည်။ ၂၀၁၂ ကမ္ဘာ ပျက်ကိန်းကဲ့သို့သော ကြိုတင် ဟောကိန်းများလည်း ပေါ်ထွက် လာခဲ့သည်။ (ထိုအယူအဆများ အပေါ် သိပ္မံနည်း ကျ၊ စနစ်တကျ တွေးခေါ်တတ်ရန် အထောက် အထားများဖြင့် ရှင်းလင်း ရေးသားထားသော ဆရာနျုမာန် ၏ သဘာဝကျကျ ယုတ္တိရှိရှိ ယူဆချက်များနှင့် ကိုပခန်း ၏ကြိုးစား အားထုတ် ဖော်ကျုးထားချက်များကို     http://astro.technohalo.com/  နှင့် ကမ္ဘာပျက်ကိန်း(သို့) ကာလပျက်ကိန်း (Apocalypse) အကြောင်းအရာ အသေးစိတ် နောက်ခံ အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့်အတွင်းကျကျရေးသားထားသော  Chris Nelson ၏ http://www.abhota.info/end1.htm  websites များတွင် သွားရောက်လေ့လာဖတ်ရှုရန် တိုက်တွန်း အကြံပြု အပ်ပါသည်။)
 ကပ်ဘေးများဆိုက်ရောက်ခြင်းကို ယခုခေတ်အတွေးအခေါ်ဖြင့် (၂၁) ရာစုနှစ်ဝက် တွင်ဖြစ်ပေါ် နိုင်သော ချောက်ကြီးများ (Midcentury Canyon) တို့အဖြစ် တင်စားရှုမြင် ကြသည်။ ဤအချက်ကို သံတမန် လောက တွင် နာမည်ကျော်ကြား လူသိများသော စာအုပ်တစ်အုပ် ဖြစ်သည့် စာရေးဆရာ JAMES MARTIN ၏ The Meaning of the 21st Century စာအုပ်တွင်ရေးသားထားပါသည်။  အင်တာနက်တွင်မူအနှစ်ချုပ် ကောက်နှုတ် ဖော်ပြထားသော    http://www.jamesmartin.com/  website တွင် လေ့လာဖတ်ရှု နိုင်ပါသည်။
 အထက်တွင် ဆွေးနွေးးခဲ့သည့် အတိုင်း ကပ်ဘေး တွင်လည်း လူသားတို့က ဖန်တီးသော ကပ်ဘေး နှင့် သဘာဝ အလျောက်ဖြစ်ပွားသည့် ကပ်ဘေးဟူ၍ နှစ်မျိုး နှစ်စား ရှိပြန်ရာ လူကဖန်တီးသော ကပ်ဘေးကို ကြိုတင် တားဆီးကာကွယ်ရန် ရှောင်ရှားရန် ဖြစ်နိုင်ချေ ရှိသော်လည်း၊ ရာသီဥတု ဖေါက်ပြန်ခြင်း မျိုးကဲ့သို့သော သဘာဝ က ဖန်တီးသည့် ကပ်ဘေး၏ အကြောင်းတရားကို ကြိုတင် ကာကွယ်ရန် အလွန် ခက်ခဲ လှပေသည်။ မမျှော်လင့် သောဖြစ်ရပ်ကြီးများ ရိုက်ခတ်ခြင်း ကို ပညာရှင်များက Era of Black Swans ဟုခေါ်ဝေါ် ထားသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ကြီးများ (၂၁) ရာစုနှစ်အတွင်း အလွန် ကြီးမား သောပြောင်းလဲမှုကြီးများ အဖြစ် ရင်ဆိုင် တွေ့ကြုံရ လိမ့်မည်ဟု ဆိုသည်။ မြန်မာတို့၏ ဗုဒ္ဒဘာသာ အယူအဆအရမူ သတ္တန္တရကပ်၊ ရောဂန္တရ ကပ်နှင့် ဒုဗ္ဗိကန္တရ ကပ်ဟူ၍ ကပ်ကြီး သုံးပါးရှိသည်။ သို့အတွက် ဘာသာရေး အယူအဆများနှင့် ခေတ်ပေါ် တွေးခေါ်မှုများ ပေါင်းစည်း လာသည်ကိုတွေ့မြင်ရသည်။ ဤသို့ဖြင့်  “ရောသမမွှေ” ဆိုသော ပေါင်းစည်း ခြင်းမျိုး လက်တွေ့နယ်ပယ် တွင်ပေါ်ထွန်းလာသည်။ အတိတ် နိမိတ်တို့လည်း ထွက်လာသည်။ စာရေးသူ ယူဆချက်ကို တင်ပြ ရပါလျင် သမိုင်းရှည်ကြာစွာ ရှိခဲ့သည့် ဗေဒင်ပညာ (Astrology) ကို ပစ်ပယ် ထားပြီး ခေတ်သစ် အယူဝါဒများသက်သက် ဖြင့် စဉ်းစား လုပ်ကိုင် ဆောင်ရွက်သည့် နည်းလမ်းထက် ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှု အကြောင်းအရာ ကိုလည်း လူသားအားလုံးအကျိုးအတွက် စွမ်းအင်ပြဿနာ (Energy Problem) နှင့်တွဲစပ်လေ့လာသကဲ့သို့ ဗေဒင်ပညာဖြင့် တွဲစပ် လေ့လာခြင်းမှာ သဘာဝကျသည် ဟု ဆိုချင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဗေဒင်ပညာ ရပ်တွင် Mundane Astrology ခေါ်  ကပ္မဝေဒဂ် သံဟိတ အဟော ဘာသာရပ်တွင် တိုင်းပြည်နိုင်ငံများ၊ အှုပ်ချုပ် မှုများ၊ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ကပ်ဘေး အန္တရာယ်ကြီးများ အကြောင်းကို ကြိုတင်ခန့်မှန်း တွက်ချက် လေ့လာသည့် ကျယ်ဝန်းသောနက္ခတ္တ္ဘ ဘာသာရပ်ခွဲ တစ်ခုရှိပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ ပြင် အမေရိကန် ဒဿနပညာရှင် Richard Roty ၏ Consequences of Pragmatism အယူအဆ သည်လည်း What is true ထက် What is useful ကို အလေးထား သင့်ကြောင်း နှင့် What works  ကိုအဓိကထားကြည့်ရန် သုံးသပ် ထားသည်မှာ သံတမန်များ အတွက် အတော်လေး အလုပ်ဖြစ်သည်။ ထိုအတွေးအခေါ် မှသည် Politics is the Art of Possible  ဆိုသော နိုင်ငံရေး အမြင် ပေါ်ထွန်းခဲ့ရာ In that case, Climate Change can also be the Art of Possible ဟု စာရေးသူ အနေဖြင့် ခံယူမိပါကြောင်း ဆိုချင်ပါသည်။ မိတ်ဆွေအပေါင်း တို့၏ သဘော တရားအမြင် ကိုလည်း ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။
ဆက်လက်ပြီး စာရေးသူ လက်လှမ်းမီသမျှလေ့လာဘူးသော ဖတ်ရှုမှတ်သားဘူးသော Modern climate science vs the ancient study of 'celestial mechanics' အကြောင်းအရာ များကိုကြိုးစား ရေးသားသွား မည် ဖြစ်ပါကြောင်း လည်းဖော်ပြအပ်ပါသည်။
          ရဲ မြင့်
             yemyint.kmt@gmail.com
                                                                                      

No comments: