Monday 25 October 2010

နေ၀န်းနီနီ ညနေဆည်းဆာရဲ့ လျှို့ဝှက်ချက်

ငယ်စဉ်က- ဖတ်ခဲ့ဘူးသော အကြောင်း အရာတစ်ခုကို ယခုအထိ ခေါင်းထဲ ရှိနေပါသေးသည်။ ဆောင်းပါးလား၊ စာအုပ်လားတော့ သိပ်မမှတ်တော့…

တစ်ခါက ရုင်ရှင် ဇတ်လမ်းတစ်ခုကို ရိုက်ကူးကြရာတွင်.. ဇတ်လမ်း၏ အရေး အကြီးဆုံး ဇတ်ဝင်ခန်းတွင် နေမင်းကြီး အနေဖြင့် အနောက် ဂေါယာ ကျွန်းဆီသို့ တစ်ဆင့်ချင်း တစ်အိအိ .. နစ်မြုပ် ပျောက်ကွယ်သွားသည့် အခန်းသည် ပရိဿတ်၏ အသည်း နှလုံးကို တစ်စိမ့်စိမ့် ခံစားစေလိုသည့် အရေးကြီးသော အနေအထားတွင် ရှိသည် ဆိုပါ၏.။
ကင်မရာမင်း အနေဖြင့် ညနေ.. နေ၀င်သည့် ဆည်းဆာကို လိုချင်သည့် အနေအထား ရလာအောင် ရိုက်ကူးရန် ရက်အတော်ကြာ ကြိုးစား သော်လည်း-- ဇတ်လမ်း က လိုအပ်သည့် အခြေ အနေကို မရ။ အဘယ့်ကြောင့် ဆိုသော် နေ၀င်သွားသည်က ထိုကဲ့သို့ တစ်ဆင့်ချင်း တစ်အိအိ မဟုတ်ပဲ.. ပိုမြန်နေ၏။ ရေပြင် မိုးကုတ်စက်ဝိုင်း နှင့် မေးတင်ပြီးသည် နှင့် နေတစ်စင်း လုံး ပျောက်ကွယ်သွားသည်က မြန်ဆန်လှ၏။
ထိုအခါ မည်သို့မျှ ကြိုးစား၍ မရတော့သည့် အဆုံးတွင် ကင်မရာမင်း သည် ဒါရိုက်တာ အား အဖြစ်မှန်ကို ရှင်းပြ ရပါတော့သည်။ ဒါရိုက်တာ အနေဖြင့်လည်း.. “ဟုတ်ပြီ၊ ဒါဆိုယင် နေ၀င်တာကို မရိုက်ပဲ.. မနက် နေထွက်တာကို ရိုက်တာပေါ့..ပြီးမှ ရုပ်ရှင် ဖလင်ကျယင် အဲဒါကို နောက်ပြန် ဆွဲပြလိုက်ယင် အဆင်ပြေတာပဲ” ဟု ဆိုကာ.. နေထွက် သော ရှုခင်းကို ရိုက်ယူခဲ့ကြသည်။
သို့နှင့် ရုပ်ရှင်ကားကြီး ပြသသည့် နေ့သို့ ရောက်လာ၏။ ဇတ်လမ်းသည် လွန်စွာ ကောင်းသည် ဆို၏။ ရုပ်ရှင် ကြည့် ပရိဿတ်တို့သည်.. နေထွက် သည်ကို နောက်ပြန် -- ပြန်ရိုက်ထားသော..ရိုက်ကွင်း ဖြစ်သည့် နေမင်းကြီး အနေဖြင့် ပင်လယ်ပြင် သို့ တစ်ဆင့်ချင်း နစ်မြုပ်ပျောက်ကွယ် သွားနေသည်ကို ရှုစားယင်း ဖြင့် မိမိတို့၏ အသည်း နှလုံးတို့ပါ.. တစ်အိအိ..စိမ့်ဝင်ခံစား နေခဲ့ကြရ၏…
သို့သော်..
ကလေးငယ် တစ်ယောက်၏ ရုတ်တစ်ရက် အလန့်တစ်ကြား မေးလိုက်သော အသံကို အားလုံးကြားလိုက်ရသည်.. ထိုမေးခွန်း သည်ကား..
“မေမေ… ကြည့်ပါဦး.. ငှက်တွေ နောက်ပြန် ပျံနေကြတယ်” ဟူ၍ ဖြစ်တော့သည်။
ဤအကြောင်း ကို ဖတ်မိပြီးနောက်- ကျွန်တော့် ခေါင်းထဲတွင်-- မေးခွန်းတစ်ခု ဖြစ်ပေါ်လာ၏။ ထိုမေးခွန်းမှာ--
“ဘာဖြစ်လို. နေ၀င်တာက မြန်သွားရတာလဲ” ဟု ဖြစ်သည်။
ကျွန်တော့်တို့ ခေတ်တုန်းက - ကိုးတန်းရောက် သောအခါ ရူပဗေဒကို စတင် သင်ကြား ရ၏.. အလင်းယိုင်ခြင်း အခန်းသို့ရောက်သော အခါ ကျွန်တော် ထိုစဉ်က မရှင်းခဲ့သော မေးခွန်း အတွက် အဖြေရသွား၏။
ကျွန်တော်တို့ လူသားများသည်.. မိမိ မျက်စေ့ဖြင့် မြင်ရလျှင် ထိုအရာဝတ္တု တည်ရှိနေသည် မှာ အမှန်ဟု ယူဆကြ၏.. မျက်စေ့ဖြင့် မမြင်ရလျှင် ထိုအရာတို့ မရှိကြ ဟု သတ်မှတ်ကြ၏။.. “ငါ့ မျက်စေ့ နဲ့ တပ်အပ်ကြီး မြင်တာ” ဟုပင် အပိုင်အနိုင် ဆုပ်ကိုင် ယူဆ တတ်ကြ၏။
သို့သော်-- အမြင်တို့သည်ကား- လှည့်စားခြင်းတို့ပင် ဖြစ်၏။ ဒါကို Perception ဟု ခေါ်၏။ Color Blind ခေါ် အရောင်ကန်းသူတို့သည် တစ်ခြားသူ မြင်သော အစိမ်းရောင်ကို သူ့အနေဖြင့် အစိမ်းဟု မမြင်ရ..
တစ်ခြားသူ မြင်သော အနီရောင်ကို သူ့ အနေဖြင့် အနီရောင် ဟု မမြင်ရ..
လေ့လာ တွေ့ရှိမှုများအရ- လူ ၄-ယောက်လျှင် ၁-ယောက်နှုန်း Color Blind ဖြစ်သည် ဆို၏။ အများစု က နားလည် ထားသော Color Blind ဆိုသည်မှာ အနီ၊ အစိမ်း၊ အပြာ ဆိုသော Primary Color ကို မမြင်နိုင်သော သူများဖြစ်၍၊- များစွာသော လူတို့သည် Secondary Color ခေါ် ဆင့်ပွား အရောင်များတွင် အရောင်ကန်း များ ဖြစ်ကြသည်..
မျက်စေ့ နှင့် တပ်အပ် မြင်သည်မှာ သေချာပါပြီလား….
စောစောက အကြောင်းကို ပြန်ဆက်ပါ ကြပါစို့…
စာဖတ်သူတို့ အနေဖြင့် အောက်ပါတို့ကို စဉ်းစားခဲ့ဘူးပါသလား…
…….“ဘာဖြစ်လို. နေ၀င်တာက မြန်သွားရတာလဲ”…..
…….“ ဘာဖြစ်လို နေထွက်နဲ. နေ၀င် အချိန်တွေ မှာ နေမင်းကြီးက ပိုကြီးနေတာလဲ”…..
…….“ဘာဖြစ်လို. နေ့သာတဲ့ နေလည်မှာ ကောင်းကင်ကြီးက ပြာနေပြီး.. ညနေ နေ၀င်ချိန် မှာ ကောင်းကင်မှာ ပုဇွန်ဆီရောင်..သမ်းနေရတာလဲ.”…..


နေ၀င်ချိန်ရဲ. သိမှတ်စရာ-
ညနေ နေ၀င်ချိန်တွင် နေမင်းအနေဖြင့် ရုတ်တစ်ရက် မိုးကုတ်စက်ဝိုင်း သို့ ချဉ်းကပ် ပျောက်ဆုံးသွားရပုံ မြန်ဆန် ရခြင်းမှာ- ရူပဗေဒ သဘောအခြေခံ ဖြစ်သော အလင်းယိုင်ခြင်း (refraction) ကြောင့် ဖြစ်ပါ၏။
အောက်တွင် ဖေါ်ပြထားသော ဥပမာ ပုံလေးကို ကြည့်လိုက်ပါ---
လူတစ်ယောက် အနေဖြင့် ရေပြင် အထက်မှ နေ၍၊ ရေထဲတွင် ရှိနေသော ငါးတစ်ကောင် ကိုကြည့်သော အခါ- -ငါး အမှန်ရှိနေသော နေရာကို မမြင်ရပဲ- ထိုသူ အနေဖြင့် မြင်ရသည်က- အပေါ်ဘက် အတန်ငယ် ရောက်နေ၏။
ငါး ၏ ပုံရိပ်ကို မြင်နိုင်ရန် အတွက်- ငါး၏ ပုံရိပ်သည် ကြည့်နေသူ၏ မျက်စိ သို့ရောက်လာရပါမည်။
ငါးထံမှ လာသော အလင်းတန်းပုံရိပ်သည် - ယိုင်ညွှန်ကိန်း (refractive index) များသော နေရာ (ရေထဲ) မှ ယိုင်ညွှန်ကိန်း နည်းသော (ရေပြင်အထက်သို့) လာသောအခါ- မတ်မျဉ်းမှ ခွာ၍လာသည်။ ထိုအခါ ယိုင်သွားသော အလင်းတန်းသည် မျက်လုံးထံသို့ ရောက်သော အခါ- ကြည့်သူ အနေဖြင့် မြင်နေရသော ငါး၏ တည်နေရာသည် အမှန်တကယ် ငါး အနေဖြင့် တည်ရှိနေသော နေရာ၏ အထက်ဘက် တွင် ဖြစ်နေပါတော့သည်။

တစ်ဖန်- ဆက်လက်၍ ရေထဲမှ ငါးတစ်ကောင် အနေဖြင့် ရေပြင် အထက်တွင် ရှိနေသော လိပ်ပြာတစ်ကောင်ကို မည်သို့ မြင်ရပါမည်နည်း။
လိပ်ပြာထံမှ လာသော အလင်းတန်း ပုံရိပ်သည် - ယိုင်ညွှန်ကိန်း နည်းသော (ရေပြင် အထက်) မှ  ယိုင်ညွှန်ကိန်း (refractive index) များသော နေရာ (ရေထဲ) သို့ လာရ သောအခါ - မတ်မျဉ်း အနီးသို့ ချဉ်းကပ်သွားသည်။
ထိုအခါ မတ်မျဉ်းဘက်သို့ ချဉ်းကပ်သွားသော အလင်းတန်းသည် ငါး၏ မျက်လုံးထံသို့ ရောက်သော အခါ- ငါး အနေဖြင့် လိပ်ပြာကို မြင်တွေ့ရသည်မှာ ပုံတွင် ဖေါ်ပြထားသည့် အတိုင်း ပင် ဖြစ်တော့သည်။
ဤအကြောင်းအရာကို ရူပဗေဒ အခြေခံ ပုံနှင့် ဖေါ်ပြသော်-
ကျွန်တော်တို့ ငယ်စဉ်က ထိုဥပဒေသကို Snell's law (စနဲ ၏ နိယာမ) ၏ သင်ကြားခဲ့ကြရသည်။
V1 = အလင်း၏ အလျင် (၀တ္ထု ရှိရာဘက်)-
V2 = အလင်း၏ အလျင် (ကြည့်သူ ရှိရာဘက်)-
n1 = ကြားခံ မီဒီယံ၏ အလင်းယိုင်ညွန်း (၀တ္ထု ရှိရာဘက်)-
n2 = ကြားခံ မီဒီယံ၏ အလင်းယိုင်ညွန်း (ကြည့်သူ ရှိရာဘက်)-
Ө1 = ရိုက်ထောင့်နှင့် မတ်မျဉ်း အကွာအဝေး (၀တ္ထု ရှိရာဘက်)-
Ө2 = အလင်းယိုင် ထောင့်နှင့် မတ်မျဉ်း အကွာအဝေး (ကြည့်သူ ရှိရာဘက်)-


Sin Ө2= (Sin Ө1/ (n2/n1))
Ө2= Sin-1 (Sin Ө1/ (n2/n1))

နေလုံးကြီး ရုတ်တစ်ရက် ငုပ်လျှိုးသွားရခြင်း
အထက်ပါ ဖော်မြူလာတွင် အစားထိုးလိုက်ပါက- ရိုက်ထောင့် နှင့် မတ်မျဉ်းအကြား အကွာအဝေး Ө1 ကြီးလာ၍၊ တန်ဘိုး တစ်ခု သို့ရောက်သောအခါ ယိုင်ထောင့်နှင့် မတ်မျဉ်းအကြား တန်ဘိုးသည် Ө2 သည် ရုတ်တစ်ရက် လျှင်မြန်စွာ ပိုကြီးသွား၏။ ထို့ကြောင့် နေ၀င်သော အချိန်တွင် ရိုက်ထောင့် တန်ဘိုး အတိုင်းအတာ တစ်ခုရောက်သွားသော အခါ ယိုင်ထောင့် သည် ပို၍ မြန်ဆန်စွာ ကြီးသွားသဖြင့် နေမင်း အနေဖြင့် မြန်ဆန်စွာ ငုပ်လျှိုးပျောက်ကွယ်သွားသည်ဟု မြင်ရခြင်း ဖြစ်သည်။

နေထွက်သော အချိန်တွင်မူ- ရိုက်ထောင့် တန်ဘိုး သည် များရာမှ တစ်ဖြေးဖြေးချင်း နည်းလာသောကြောင့် ထိုနေမင်းကို တစ်ဖြေးဖြေးတက်လာသည့် အနေဖြင့်သာ မြင်ကြရခြင်း ဖြစ်သည်။1 = ရိုက်ထောင့်နှင့် မတ်မျဉ်း အကွာအဝေး (၀တ္ထု ရှိရာဘက်)-အာကာသ ဟင်းလင်းပြင်အတွက် အလင်း ယိုင်ညွှန်ကိန်းသည် ၁- ဖြစ်၍၊ လေထု၏ ယိုင်ညွှန်ကိန်းသည် ၁.၀၀၂၉ ဖြစ်၏။
ထိုနည်းတူပင်- ညဘက်တွင် ကြယ်တာရာတို့ကို ကြည့်သော အခါတွင်လည်း- မျက်စိဖြင့် မြင်ရသော နေရာနှင့် အမှန်တကယ် ရှိနေသော နေရာတို့မှာ ကွာခြား ကြပြန်ပါသည်။

နေ၀င်ချိန် လိမ္မော်ရောင် ကောင်းကင်။
နေမှ လာသော အလင်းဖြူတန်းသည် အမှန်အားဖြင့် ခရမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ အနီ ရောင် စသော ရောင်ခြည် ၇-သွယ်ပါသော အလင်းတန်းတို့ ပေါင်းစုထားခြင်းဖြစ်သည်ကို အားလုံးကြားဘူး ပါလိမ့်မည်။ (မျက်စိဖြင့် မမြင်နိုင်သော အရောင်များ ကိစ္စမပါသေးပါ။)
ခရမ်းရောင် Violet သည် ထိုအထဲတွင် လှိုင်းအလျား အနိမ့်ဆုံးဖြစ်၏။ ၄၀၀ နန်နိုမီတာ သာရှိသဖြင့်- ၄င်းသည် အလင်းယိုင်ရာတွင် အခြားသော အရောင်များထက်ပို၍ ယိုင်၏။
အနီရောင် သည် လှိုင်းအလျား အရှည်ဆုံးဖြစ်၍ ၆၅၀ နန်နိုမီတာ ရှိ၍ အလင်းယိုင်ရာတွင် အယိုင် အနည်းဆုံးဖြစ်သည်။ ဖေါ်ပြထားသော ပုံကိုကြည့်ပါ။
ထို့ကြောင့် အလင်းယိုင်မှု အနည်းဆုံးသော လိမ္မော်ရောင် အနီရောင် တို့သည် နေမင်းကြီး အနောက်မိုးကုတ် စက်ဝိုင်းတို့ ချဉ်းကပ်သွားချိန်တွင် ကျန်ရစ်ခဲ့သော အရောင်များ ဖြစ်၏။ ထို့နောက်တွင်တော့ နေမင်းကြီးအား မမြင်တွေ့ကြရတော့ချေ။
ရိုက်ထောင့်နှင့် မတ်မျဉ်းတို့ အလွန်နီးကပ်ချိန်၊ တစ်နည်းအားဖြင့် မွန်းတည့် အချိန်မျိုး ဆိုပါလျှင် အလင်းယိုင်မှု မရှိသလောက် ဖြစ်သဖြင့် ထိုအရပ်ဒေသတွင် ရှိနေသူတို့ အနေဖြင့်- အလင်းဖြူ အနေဖြင့်သာ မြင်ကြရသည်။
ဤသည်တို့မှာ- နေ့စဉ် နေ့တိုင်း မြင်တွေ့နေကြရသော မိုးကောင်းကင် ကြီး၏ အခြေခံ အကြောင်း အချက် မျှသာ ဖြစ်ပါသည်။
နျူမာန် (မိုးတား)



ဆက်လက်၍...

Sunday 17 October 2010

Climate Change & Astrology (ကမ္ဘာ့ရာသီဥတုနှင့် ဗေဒင်ပညာ)

ရာသီဥတုပြောင်းလဲခြင်း (Climate Change) နှင့် ဗေဒင်ပညာ (Astrology) ဆက်စပ်မှုအပေါ် သံတမန် တစ်ဦး၏အမြင်

(ဤဆောင်းပါးသည်- MOTAA အသင်းတွင်- စေတနာ အလျှောက် ၀င်ရောက်ကူညီ အကြံပေးနေသော ဆရာဦးရဲမြင့်၏ ဆောင်းပါး ဖြစ်ပါသည်။ ဆရာဦးရဲမြင့် အနေဖြင့်- ဘ၀ တစ်တက်သာ တွင် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ ကမ္ဘာနှင့် ဆိုင်ရာ နက္ခတ် ဗေဒင် လောကတွင် နှံ့စပ်ကျယ်ပြန့်ခဲ့သော ဗဟုသုတ များမှာ မြန်မာ များအတွက်သာ မက- လူသားများအတွက် ပါ လွန်စွာ အကျိုးရှိနိုင်သော အကြောင်း အရာများဖြစ်သဖြင့် ဆရာဦးရဲမြင့်အား- ဤဆောင်းပါးများကို စဉ်ဆက် မပြတ်ရေးသားပေးနိုင်ပါရန် လည်း - အားလုံးကိုယ်စား ကျွန်တော် နျူမာန်မှ လေးစားစွာ ပန်ကြားအပ်ပါသည်။ - နျူမာန် (မိုးတား))



 ရာသီဥတု ပြောင်းလဲခြင်း ကိစ္စသည် ယနေ့ ကမ္ဘာ့ နိုင်ငံရေး လောကနှင့် သံတမန်လောကတွင် ထိပ်တန်း ရောက်နေသည့် ဆွေးနွေးငြင်းခုံစရာ ဘာသာရပ်တစ်ခုအဖြစ် နေရာယူထားသည်ကို သိရှိကြမည် ထင်ပါသည်။ သို့ရာတွင် ရာသီဥတု ဗေဒဘာသာရပ်ကို အထူးလေ့လာနေသူများမှာ သိပံ္ပ ပညာရှင်များ (scientists) သာဖြစ် ကြပြီး သံတမန်များက ၄င်းတို့၏ လေ့လာသုတေသန စာတမ်းများကို အားကိုး တကြီး ဖတ်ရှု ကြကာ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံတော် အာဏာပိုင်များကို နိုင်ငံရေး ရှုထောင့်မှ နိုင်ငံ့အကျိုး၊ အမျိုးသားရေး အကျိုးတို့ ကိုကြည့်ပြီး ထပ်ဆင့်ပြန်လည် ရှင်းလင်း တင်ပြရလေ့ ရှိပါသည်။ နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များ၊ လွှတ်တော် အဖွဲ.အစည်းများမှ ဆုံးဖြတ်ချက်များကို စွဲကိုင်ပြီး သံတမန်များက ရှေ.တန်း ဆွေးနွေးပွဲများတွင် မိမိ တို့အလိုရှိရာ နိုင်ငံ့အကျိုး အမျိုးသားရေး ပုံစံနှင့် ရည်မှန်းချက်များ ရရှိရေးအတွက် ရှင်းလင်းကြ၊ ငြင်းခုံကြ လုပ် ကြရသည်။ ဤကား သံတမန်တိုင်း ၏အဓိကလုပ်ငန်း တာဝန်ကြီးလည်းဖြစ်သည်။

    ထိပ်တန်းမျက်နှာစာ ဆွေးနွေးပွဲများမှာ သံတမန်တို့ အဓိကကျက်စားရာ ကုလသမဂ္ဂ အဖွဲ.အစည်း ဆွေးနွေးပွဲ များတွင် ဖြစ်သည်။ ထို သံတမန် ဆွေးနွေးပွဲများ အကြား ဗေဒင်ပညာရပ် အကြောင်း ပါဝင်လာမည်ကို မည်သည့် သံတမန် တစ်ဦးတစ်ယောက်ကမျှ ထင်မှတ်မထားခဲ့ပါ။ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ဘာသာရပ် နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ စွမ်းအင်သိပ္ပံ ပညာရှင်များပါဝင်သော Japan Society of Energy and Resources- JSER က ကုလသမဂ္ဂ The Intergovernmental Panel on Climate Change- IPCC သို့တင်သွင်းသည့် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲရခြင်း အကြောင်းခံ တရားများတွင် လူသားများ တီထွင် ခဲ့သည့် စက်ရုံများမှ ထုတ်လွှင့်သော မှန်လုံအိမ် ဓါတ်ငွေ.များ ကြောင့် ဟူသောအချက် အလက် ထက်- ရှေးဟောင်း အလယ်ခေတ် ဗေဒင်ပညာရပ်များတွင်ဖော်ပြထားရှိသကဲ့သို့ သဘာဝ သံသရာ လည်မှုများ (natural cycles) ကြောင့် ဖြစ်သည်ဟု ၂၀၀၉ ခုနှစ်၊ဇန်န၀ါရီလ အတွင်းက သုံးသပ် တင်ပြခဲ့ ကြပါသည်။ အဆိုပါအကြောင်းအရာ မူရင်း အချက်အလက်များကို    http://www.theregister.co.uk/2009/02/25/jstor_climate_report_translation/ သွားရောက် လေ့လာဖတ်ရှု နိုင်ပါသည်။
 ဂျပန်သိပ္ပံ ပညာရှင်များက လက်ရှိ ကုလသမဂ္ဂသို့ အနောက်နိုင်ငံ များက တင်သွင်း ခဲ့ကြသည့် အစီရင်ခံ စာတွင် ဖော်ပြထားသော ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကွန်ပြူတာ အချက်အလက် ပုံစံများကို ရှေး ဟောင်း ဗေဒင်ပါ အချက်အလက်များဖြင့် နှိုင်းယှဉ် ရှင်းလင်းခဲ့သည်။ ထိုမူရင်း ရှင်းလင်းချက်များမှာ နားလည်ရန် ခက်ခဲပြီး သာမန် စာဖတ်သူတစ်ဦးအတွက် ရှုပ်ထွေးလှသဖြင့် ဤနေရာတွင် climate change ၏ အခြေခံသဘောတရားများနှင့် စာရေးသူ၏ ယူဆချက်များကိုသာ ဆက်လက် တင်ပြသွားပါမည်။
 ကနဦးရှင်းပြ လိုသည်မှာ ရာသီဥတုပြောင်းလဲ ခြင်းတွင် လူသားများ လုပ်ဆောင်မှုများ ကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်း (Anthropogenic Global Warming-AGW) ဟူသော အယူအဆကို လက်ကိုင် ထားကာ စက်မှု ဖွံ.ဖြိုး တိုးတက်သောနိုင်ငံများ၊ ဖွံ.ဖြိုးဆဲ နိုင်ငံများတွင် အထိန်းအချုပ် မရှိပဲ သစ်တောများ ခုတ်ထွင်မှု၊ စက်ရုံများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ နှင့် လေအေးစက်နှင့် ရေခဲသေတ္တာသုံး ကာဗွန်ဖလိုရိုဒ် များကြောင့် လေထုလွှာ အပေါ်ရှိ အိုဇုန်းအလွှာ ပေါက်မှုများ ဖြစ်ရသည်။ ထိုထို့ သော အကြောင်း များကြောင့် ကမ္ဘာကြီး ပူနွေးလာသည်။
 ယင်းသို့ဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချရေး အတွက်ကမ္ဘာ့ နိုင်ငံ အသီးသီးက ဘက်ပေါင်းစုံမှ ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြရာ၊ ၁၉၉၇ ခုနှစ်က ဂျပန်နိုင်ငံ ကျိုတိုမြို.တွင်  ကျိုတို သဘောတူညီချက် (Kyoto Protocol) ပြဌာန်း နိုင်ခဲ့သည်။ ထိုသဘောတူညီချက်အရ ဖွံ.ဖြိုးပြီးနိုင်ငံ (၂၆) နိုင်ငံနှင့် စီးပွားရေးအသွင် ကူးပြောင်းဆဲ (၁၃) နိုင်ငံတို့ ၁၉၉၀ ပြည့်နှစ်မှ စတင်လျက် ၄င်းတို့ထုတ်လွှတ်ခဲ့သည့် မှန်လုံအိမ်ဓါတ်ငွေ. ပမာဏ၏ ၅.၂% ကို သတ်မှတ်ကာလ ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အတွင်း လျှော့ချကြရမည်ဖြစ်သည်။
 ယခုအခါ ကမ္ဘာ့အပူချိန်သည် (၁.၇) ဒီဂရီ စင်တီဂရိတ် ခန့် ပိုမိုပူနွေးလာ နေသည်ဟု ခန့်မှန်း တွက်ချက် ထားကြသည်။ ကမ္ဘာ ကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ ရာသီဥတုလည်းပြောင်းလဲလာသည်။ ပြောင်းလဲမှု ပြင်းထန် လာသောအခါ ရာသီဥတု ဖေါက်ပြန်ခြင်းနှင့် ကြုံဆုံရတော့သည်။ ၂၆-၁၂-၂၀၀၄ ရက်နေ့က ကြုံတွေ့ ခဲ့ရသော အင်ဒိုနီးရှားက စတင်သည့် ဆူနာမီငလျင်၊ ၄-၅-၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နာဂစ် ဆိုင်ကလုန်းနှင့် ၁၂-၅-၂၀၀၈ တွင် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့် တရုတ်နိုင်ငံ စီချွမ်မြေငလျင် များသည် မကြာ သေးမီကာလ ကပင်ဖြစ်ပျက်ခဲ့ကြသည့် ကြီးမားသော သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီးများ အဖြစ်အမှတ် ထင်ထင်သတိရနေကြ ဦးမည်ထင်ပါသည်။ ထိုဖြစ်ရပ်ကြီး များသည် ကမ္ဘာ့ရေရှည် ထိန်းသိမ်း ထားနိုင်သော ဖွံ.ဖြိုး မှု (sustainable development) ကို စိန်ခေါ် သကဲ့သို့ ဖြစ်ခဲ့ရသည်။ ထိုစိန်ခေါ်မှု (challenges) သည် ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှု ပြဿနာ၊ လူဦးရေ ပြဿနာ၊ ဆင်းရဲချမ်းသာ ကွာဟမှုပြဿနာ၊ ဆင်းရဲမွဲတေမှု၊ အစာရေ စာရှားပါးမှုနှင့် အဟာရချို.ယွင်းမှု၊ ရောဂါ အသစ်အဆန်းများ ဖြစ်ပေါ်လာမှု စသည် တို့ကို တွေ့ဆုံ ရင်ဆိုင် ဖြေရှင်းရေးဖြစ်သည်ဟု အနက် အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့သည်။
 ထိုအခြေအနေများက ကမ္ဘာပျက်ကိန်း(သို့) ကာလပျက်ကိန်း (Apocalypse) ဘာသာတရား အယူ အဆ တို့ဖြင့် လွှမ်းမိုးသော ဟောကိန်း များလည်း ပြန်လည် ခေတ်စားလာခဲ့ကြသည်။ ကပ်ဘေးကြီးများ (Catastrophes) များအကြောင်း ကိုလည်း ပိုမိုစိတ်ဝင်စားလာကြသည်။ ခရစ်ယာန် ဘာသာ၌ ကပ်ကြီး (၄) ပါးကို မြင်းစီးသူရဲ လေးယောက် အဖြစ် ဖော်ညွှန်းခဲ့ကြသည်။ ထိုမြင်းစီး သူရဲများသည် မတူညီသော ဦးတည်ချက်၊ ကာလ၊ အချိန်အမျိုးမျိုး တို့ကို သွားရောက် ခဲ့ကြသည်။ မြင်းစီးသူရဲများ အဖြစ် ဖော်ညွှန်းခဲ့သော ကပ်ကြီး (၄) ပါး မှာ သဘာဝ ဘေးအန္တရာယ်၊ စစ်ပွဲကြီးများ၊ စီးပွားရေး ပျက်စီးခြင်းနှင့် ရောဂါဘေးဆိုးကြီး တို့ဖြစ်ကြသည်။ (၂၁) ရာစုနှစ် တွင်မူ   ပညာရှင်တို့က ကပ်ကြီး (၄) ပါးသာမက အကြမ်းဖက်ဝါဒ၊ နျုကလီးယား၊ သိပ္ပံ နယ်လွန်ဖြစ်ရပ် များ၊ ပင်လယ သမုဒ္ဒရာများ ပျက်စီးခြင်း၊ ရာသီဥတုများ ဖေါက်ပြန်ခြင်းစသော အချက်အလက်များကိုပါ ထည့်သွင်း လျက် ကပ်ကြီး (၁၂)ပါး ထိရှိသည် ဟူသော တင်ပြရေးသားချက် များကိုလည်း ဖတ်ရှုလာရသည်။ ၂၀၁၂ ကမ္ဘာ ပျက်ကိန်းကဲ့သို့သော ကြိုတင် ဟောကိန်းများလည်း ပေါ်ထွက် လာခဲ့သည်။ (ထိုအယူအဆများ အပေါ် သိပ္မံနည်း ကျ၊ စနစ်တကျ တွေးခေါ်တတ်ရန် အထောက် အထားများဖြင့် ရှင်းလင်း ရေးသားထားသော ဆရာနျုမာန် ၏ သဘာဝကျကျ ယုတ္တိရှိရှိ ယူဆချက်များနှင့် ကိုပခန်း ၏ကြိုးစား အားထုတ် ဖော်ကျုးထားချက်များကို     http://astro.technohalo.com/  နှင့် ကမ္ဘာပျက်ကိန်း(သို့) ကာလပျက်ကိန်း (Apocalypse) အကြောင်းအရာ အသေးစိတ် နောက်ခံ အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့်အတွင်းကျကျရေးသားထားသော  Chris Nelson ၏ http://www.abhota.info/end1.htm  websites များတွင် သွားရောက်လေ့လာဖတ်ရှုရန် တိုက်တွန်း အကြံပြု အပ်ပါသည်။)
 ကပ်ဘေးများဆိုက်ရောက်ခြင်းကို ယခုခေတ်အတွေးအခေါ်ဖြင့် (၂၁) ရာစုနှစ်ဝက် တွင်ဖြစ်ပေါ် နိုင်သော ချောက်ကြီးများ (Midcentury Canyon) တို့အဖြစ် တင်စားရှုမြင် ကြသည်။ ဤအချက်ကို သံတမန် လောက တွင် နာမည်ကျော်ကြား လူသိများသော စာအုပ်တစ်အုပ် ဖြစ်သည့် စာရေးဆရာ JAMES MARTIN ၏ The Meaning of the 21st Century စာအုပ်တွင်ရေးသားထားပါသည်။  အင်တာနက်တွင်မူအနှစ်ချုပ် ကောက်နှုတ် ဖော်ပြထားသော    http://www.jamesmartin.com/  website တွင် လေ့လာဖတ်ရှု နိုင်ပါသည်။
 အထက်တွင် ဆွေးနွေးးခဲ့သည့် အတိုင်း ကပ်ဘေး တွင်လည်း လူသားတို့က ဖန်တီးသော ကပ်ဘေး နှင့် သဘာဝ အလျောက်ဖြစ်ပွားသည့် ကပ်ဘေးဟူ၍ နှစ်မျိုး နှစ်စား ရှိပြန်ရာ လူကဖန်တီးသော ကပ်ဘေးကို ကြိုတင် တားဆီးကာကွယ်ရန် ရှောင်ရှားရန် ဖြစ်နိုင်ချေ ရှိသော်လည်း၊ ရာသီဥတု ဖေါက်ပြန်ခြင်း မျိုးကဲ့သို့သော သဘာဝ က ဖန်တီးသည့် ကပ်ဘေး၏ အကြောင်းတရားကို ကြိုတင် ကာကွယ်ရန် အလွန် ခက်ခဲ လှပေသည်။ မမျှော်လင့် သောဖြစ်ရပ်ကြီးများ ရိုက်ခတ်ခြင်း ကို ပညာရှင်များက Era of Black Swans ဟုခေါ်ဝေါ် ထားသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ကြီးများ (၂၁) ရာစုနှစ်အတွင်း အလွန် ကြီးမား သောပြောင်းလဲမှုကြီးများ အဖြစ် ရင်ဆိုင် တွေ့ကြုံရ လိမ့်မည်ဟု ဆိုသည်။ မြန်မာတို့၏ ဗုဒ္ဒဘာသာ အယူအဆအရမူ သတ္တန္တရကပ်၊ ရောဂန္တရ ကပ်နှင့် ဒုဗ္ဗိကန္တရ ကပ်ဟူ၍ ကပ်ကြီး သုံးပါးရှိသည်။ သို့အတွက် ဘာသာရေး အယူအဆများနှင့် ခေတ်ပေါ် တွေးခေါ်မှုများ ပေါင်းစည်း လာသည်ကိုတွေ့မြင်ရသည်။ ဤသို့ဖြင့်  “ရောသမမွှေ” ဆိုသော ပေါင်းစည်း ခြင်းမျိုး လက်တွေ့နယ်ပယ် တွင်ပေါ်ထွန်းလာသည်။ အတိတ် နိမိတ်တို့လည်း ထွက်လာသည်။ စာရေးသူ ယူဆချက်ကို တင်ပြ ရပါလျင် သမိုင်းရှည်ကြာစွာ ရှိခဲ့သည့် ဗေဒင်ပညာ (Astrology) ကို ပစ်ပယ် ထားပြီး ခေတ်သစ် အယူဝါဒများသက်သက် ဖြင့် စဉ်းစား လုပ်ကိုင် ဆောင်ရွက်သည့် နည်းလမ်းထက် ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှု အကြောင်းအရာ ကိုလည်း လူသားအားလုံးအကျိုးအတွက် စွမ်းအင်ပြဿနာ (Energy Problem) နှင့်တွဲစပ်လေ့လာသကဲ့သို့ ဗေဒင်ပညာဖြင့် တွဲစပ် လေ့လာခြင်းမှာ သဘာဝကျသည် ဟု ဆိုချင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဗေဒင်ပညာ ရပ်တွင် Mundane Astrology ခေါ်  ကပ္မဝေဒဂ် သံဟိတ အဟော ဘာသာရပ်တွင် တိုင်းပြည်နိုင်ငံများ၊ အှုပ်ချုပ် မှုများ၊ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ကပ်ဘေး အန္တရာယ်ကြီးများ အကြောင်းကို ကြိုတင်ခန့်မှန်း တွက်ချက် လေ့လာသည့် ကျယ်ဝန်းသောနက္ခတ္တ္ဘ ဘာသာရပ်ခွဲ တစ်ခုရှိပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ ပြင် အမေရိကန် ဒဿနပညာရှင် Richard Roty ၏ Consequences of Pragmatism အယူအဆ သည်လည်း What is true ထက် What is useful ကို အလေးထား သင့်ကြောင်း နှင့် What works  ကိုအဓိကထားကြည့်ရန် သုံးသပ် ထားသည်မှာ သံတမန်များ အတွက် အတော်လေး အလုပ်ဖြစ်သည်။ ထိုအတွေးအခေါ် မှသည် Politics is the Art of Possible  ဆိုသော နိုင်ငံရေး အမြင် ပေါ်ထွန်းခဲ့ရာ In that case, Climate Change can also be the Art of Possible ဟု စာရေးသူ အနေဖြင့် ခံယူမိပါကြောင်း ဆိုချင်ပါသည်။ မိတ်ဆွေအပေါင်း တို့၏ သဘော တရားအမြင် ကိုလည်း ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။
ဆက်လက်ပြီး စာရေးသူ လက်လှမ်းမီသမျှလေ့လာဘူးသော ဖတ်ရှုမှတ်သားဘူးသော Modern climate science vs the ancient study of 'celestial mechanics' အကြောင်းအရာ များကိုကြိုးစား ရေးသားသွား မည် ဖြစ်ပါကြောင်း လည်းဖော်ပြအပ်ပါသည်။
          ရဲ မြင့်
             yemyint.kmt@gmail.com
                                                                                      

ဆက်လက်၍...

Wednesday 6 October 2010

၂၀၁၂ ပြဿနာ အပိုင်း(၁)

ဆရာနျူမာန် –ရေးသားပြုစုသည်။
နောက်ဆက်တွဲ စာတမ်းများကို မဖတ်ခင် အောက်ပါသတိပေးချက်ကို အလျင်ဖတ်ပါ။
  • အကယ်၍ သင်သည် အစိုးရိမ် လွန်ကဲတတ်သူဖြစ်လျှင် ...
  • အကယ်၍ သင်သည် ကိုးကွယ်ယုံကြည်ရာ ဘာသာရေး အားကိုးမှုနည်းပါးနေသူဖြစ်လျှင် ...
  • အကယ်၍ သင်သည် ကြောင်းကျိုးတရား၊ ကံ-ကံ၏အကျိုးတရားတို့ကို ဆင်ခြင်ဆက်စပ်သုံးသပ်တတ်သူ တစ်ယောက်မဟုတ်လျှင် ...
ဤဆောင်းပါးကို ရှေ့ဆက် မဖတ်ပါနှင့် ဖတ်မည်ဆိုပါကလည်း ပြီးပြည့်စုံအောင်ဖတ်ပါ။

စာရေးသူ၏အမှာ

၂၀၀၉ ဇန်န၀ါရီလ ၄ ရက်နေ့တွင် Histry Channel မှနေ၍ NOSTRADAMUS: 2012 အမည်ရှိသော သတင်းမှတ်တမ်း ပညာပေးရုပ်မြင်သံကြားအစီအစဉ် Documentary တစ်ခုကို တင်ပြထုတ်လွှင့် သွားပါသည်။ ယခုလည်း နောက်ထပ်တစ်ကြိမ် ထပ်လွှင့်နေလျှက်ရှိပါသည်။ စာဖတ်သူများအနေဖြင့် ထိုသတင်းပညာပေးရုပ်ရှင်ကို အချိန်ရပါက ကြည့်ရှုရန် အကြံပြုပါသည်။

နက္ခတ္တဝေဒပညာကို တစ်ဘက်က သုတေသနပြုရင်း၊ တစ်ဘက်တွင် အိန္ဒိယ၊ ပေါ်တူဂီ၊ ဘရာဇီး၊ ပြင်သစ်နှင့် အမေရိကန်မှ ဗေဒင်ပညာရှင်၊ ၀ါသနာရှင် မိတ်ဆွေများနှင့် ပညာပေးဆွေးနွေး ဖြန့်ဖြူးနေရင်း၊ စာရေးဝါသနာပါသူတစ်ဦးအနေဖြင့် ဤကိစ္စကို လအတော်ကြာကပင် လေ့လာမိခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကို ချင့်ချိန်၍ မရေးဖြစ်ခဲ့။ သို့သော်လည်း မိတ်ဆွေများ၊ မိသားစုဝင်များကပါ မေးမြန်းစုံစမ်းလာကြသဖြင့် ဤစာကို ရေးဖြစ်ရခြင်းဖြစ်သည်။

မရေးဖြစ်သည့်အကြောင်းက အချို့သော အစိုးရိမ်လွန်သည့် သူများက ဤစာကို တစ်ပိုင်းတစ်စနားလည်ကာ ၄င်းတို့ထင်သလို ဆွဲတွေးပြီး စိုးရိမ်သွားနိုင်သလို၊ တစ်ဘက်ကလည်း ပေါ့ပေါ့တန်တန် သဘောထားသူတွေက မိမိတို့ထင်သလို တစ်ပိုင်းတစ်စ ဆွဲယူသွားနိုင်၍လည်း ဖြစ်ပါသည်။

မိမိရေးသားသော စာပေသည် အခြားသူများအတွက် အတတ်ပညာ အသိပညာအားဖြင့်သော်လည်းကောင်း၊ လောကီ၊ လောကုတ္တရာအားဖြင့်သော်လည်းကောင်း အကျိုးမဲ့ဖြစ်စေလျှင်ဖြစ်စေ၊ စာပါအကြောင်းအရာများသည် မိမိကိုယ်တိုင်အားဖြင့် မမှန်ကန်ကြောင်းသိထားလျှက် ငွေကြေးအကျိုးအမြတ်ကို မျှော်ကိုး၍ အများသူငါတို့၏ အသိဥာဏ်ကို မှိုင်းဝေစေသောစာမျိုး ဖြစ်စေလျှင် ဤစာမျိုးကို မရေးသားအပ်ပါ။

ထို့အပြင် အခြားသူတို့အား အကြောက်တရားများ ဖြစ်စေနိုင်သည့် စာမျိုးကို ရေးသားရန် မသင့်သလို၊ ဖြစ်လာနိုင်သည့် ဖြစ်ရပ်တို့ကို ကာကွယ်မှုပြုလုပ်နိုင်ခြင်းမှ ပေါ့လျော့စေရန် သရော်မော်ကားဖြင့် လမ်းလွှဲပေးသော စာမျိုးကိုလည်း မရေးအပ်ပါ။ သို့သော်လည်း မိမိရေးသားသော စာပေသည် နားလည်သော ဆင်ခြင်နိုင်သော သူတို့အတွက် အကျိုးရှိစေမည်၊ ထိုသူတို့ မသိသေးသောအကြောင်းအချက်များကို ဖြန့်စေခြင်းဖြင့် စာကိုဖတ်မိသူတို့တွင် ပစ္စပ္ပုန်အကျိုး၊ သံသရာအကျိုး ရှိစေနိုင်မည်ဆိုလျှင် ထိုသို့သော စာဖတ်ပရိဿတ်တို့ကို ရည်ရွယ်၍ ရေးသားဖြင်းသည် အကျိုးမဲ့သော စာပေမျိုး မဖြစ်နိုင်ပါ။

ယခုစာတမ်းသည် သိပ်မကြာတော့သည့် အချိန်ကာလတစ်ခုတွင် စကြ၀ဠာပိုင်းဆိုင်ရာ အပြောင်းအလဲ အခြေအနေတို့ကို ထုတ်ဖေါ်စုဆောင်းတင်ပြထားခြင်းဖြစ်သည်။ ဘက်စုံထောင့်စုံ သုံးသပ်ပေးထားသည်။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်ဆိုသော အချက်ကို မိမိဥာဏ်ဖြင့်သာ ဆင်ခြင်စေလိုပါသည်။

စာရေးသူ- နျူမာန်(မိုးတား)


အချေအတင် ဆွေးနွေးနေမှုများ

ပညာရှင်အချို့က ၂၀၁၂ တွင်စကြာဝဠာဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်ဟု ပြောသည်ကို အကြောင်းပြု၍
  • အချို့က ၂၀၁၂ တွင် ကမ္ဘာကြီးပျက်မည်ဟူသော စကားကို အခြေအမြစ်အတိအကျမရှိဘဲ ပြောဆိုနေကြသည်။
  • အချို့က ထိုကိစ္စကို မိမိကိုယ်ကျိုးစီးပွားရေးအတွက် ပြောဆိုနေကြသည်။
  • အချို့က အခြားသူများကို စိတ်ခြောက်ခြားမှုဖြစ်စေရန် ခြောက်လှန့်စကားအနေဖြင့် ပြောနေကြပြန်သည်။
  • အချို့က စကြာဝဠာဆိုင်ရာပြောင်းလဲမှုများကို သူတို့ကြားဖူးသမျှသော ရှေးဟောင်းလူမျိုးတို့၏ စာပေ၊ တရုတ် အိုင်ချင်း၊ ဟိန္ဒူကလိယုဂ၊ ဗုဒ္ဓဘာသာ စသည်တို့ကိုပါ ရေပြွမ်းလျှက် မိမိတို့တင်ပြသော စကားကို ခိုင်မာစေရန် မရမက ဆွဲယူပြောနေကြ၏။

တဖန် ၂၀၁၂ တွင် ဘာမျှ မဖြစ်နိုင်ဟု ပြောသူများဘက်တွင်

အချို့က မိမိ၏ သက်ဆိုင်ရာ အဖွဲ့အစည်းဘက်မှနေ၍ ကာကွယ်ဖုံးအုပ် ငြင်းဆိုနေကြသည်။
အချို့က မျက်စိပိတ်၊ လက်မခံငြင်းကန်သည်။
အချို့က သတင်းအမှောင်ချ ငြင်းကွယ်ထားသော အဖွဲ့အစည်းများ၏ စကားတို့ကိုသာ ကိုးကားလျှက် မိမိကိုယ်တိုင် သိနားလည်အောင် မကြိုးစားဘဲ ဘာဆို ဘာမှ မဖြစ်နိုင်ဟု ငြင်းဆိုကြ၊ သတင်းဖြန့်နေကြပြန်သည်။
အချို့ကမူ "၂၀၁၂ ကိစ္စသည် အပျော်တမ်း Amateur ၀ါသနာရှင် နက္ခတ္တပညာရှင်တို့က ပြောသောစကားဖြစ်၍၊ ကမ္ဘာ အသိအမှတ်ပြုထားသော အဖွဲ့အစည်းများ၏ ပြောဆိုချက်မဟုတ်၊ Professional ပညာရှင်များ ပြောသည်သာ အမှန်ဖြစ်သည်"ဟု ယူဆပြောဆိုကြသည်။

ဤနေရာတွင် စာရေးသူအနေဖြင့် တင်ပြလိုသည်မှာ အကြောင်းအရာကိစ္စတစ်ခုတွင် အပျော်တမ်း Amateur ၀ါသနာရှင်ပညာရှင်များပြောသည်ကို ယုံကြည်စရာမလိုသလို၊ ပယ်ရှားရန်လည်း မသင့်ပါ။ မိမိနည်း မိမိဟန်ဖြင့် သိအောင် ထပ်မံလေ့လာဖို့ လိုပါသည်။ ထို့နည်းတူပင် Professional ပညာရှင်များပြောသည်ဆို၍လည်း မျက်စိမှိတ် မယုံသင့်ပါ။

စဉ်းစားကြည့်ရန်မှာ အပျော်တမ်းပညာရှင် Amateur ဆိုသည်မှာ ဘာကို ဆိုသနည်းဟု မေးစရာရှိလာသည်။ Professional ပညာရှင်များက ပြောမှသာ အမှန်ဖြစ်ပါသလား

  • အိုင်စတိုင်းသည် ကမ္ဘာက အသိအမှတ်မပြုသေးခင်က အပျော်တမ်းပညာရှင်သာ ဖြစ်ခဲ့သည်။ တယ်လီဖုန်း ကြေးနန်းစာရေးအဖြစ် အလုပ်လုပ်နေရင်း ကမ္ဘာကျော် Relativity Theory ကို ဖေါ်ထုတ်သွားသည်။ ထိုစဉ်က သူသည် မည်သည့် သိပ္ပံပညာအဖွဲ့အစည်း၏ လစာ ထောက်ပံ့မှုကိုမျှ ရယူထားခဲ့ခြင်းမရှိ၊ မည်သည့်ရာထူးမျှ မရှိ၊ ထိုမျှမက သူ၏ သီအိုရီကို စတင်ရေးသားစဉ်က ထိုစဉ်က နာမည်ကြီး Professional သိပ္ပံပညာရှင်များက ဆန့်ကျင်ခဲ့ကြသည်။

  • အရာဝတ္တုတို့၏ ရွေ့လျှားမှု ကမ္ဘာ့ဆွဲအားကို တွေ့ရှိခဲ့သူ ဆာ အိုင်းဇက် နယူတန်သည် သူ၏တွေ့ရှိချက်ကို ကြေငြာစဉ်က ကမ္ဘာက အသိအမှတ်ပြုထားသော ပညာရှင်မဟုတ်သေး၊ အပျော်တမ်း ပညာရှင်သာဖြစ်သည်။

  • လေယာဉ်ကို တီထွင်ဆောင်လုပ်ခဲ့ကြသော ရိုက်ညီနောင်တို့သည် စက်ဘီးဆိုင်အလုပ်လုပ်သူများဖြစ်၍ လေကြောင်းပညာ လေယာဉ်တည်ဆောက်သော ပညာများကို လေယာဉ်ကုမ္ပဏီကြီးများတွင် သူတေသနပြုနေသော Professional များ မဟုတ်ခဲ့ကြပါ။

  • အထက်တွင် ဖေါ်ပြခဲ့သော ဂျော်ဒန် နို ဘရူနို၊ ဂယ်လီလီယိုတို့သည်လည်း သူတို့၏ တွေ့ရှိချက်များ ဖေါ်ထုတ်ခဲ့စဉ်က အသိအမှတ်ပြုထားသော အဖွဲ့အစည်းများ၏ ၀န်ထမ်းများ မဟုတ်ခဲ့ကြပါ။ အပျော်တမ်းပညာရှင် စာရင်းသွင်းရမည်သာဖြစ်သည်။

  • ထိုနည်းတူ ကမ္ဘာ့သိပ္ပံသမိုင်း တီထွင်မှုသမိုင်း တို့ကိုကြည့်ပါက ကမ္ဘာတွင် အသစ်သစ်သော ထူးခြားသည့် တွေ့ရှိချက်များကို ဖေါ်ထုတ်နိုင်သူ အားလုံးနီးပါးသည် အပျော်တမ်း ပညာရှင်များဖြစ်နေခဲ့သည်ကို တွေ့ရသည်။

  • Professional ပညာရှင်များအဖြစ် အသိအမှတ်ပြုထားသော အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိ၏ အဖွဲ့အစည်းများ၏ ဦးတည်ချက်ကို အဓိကထားထမ်းဆောင်ရမည်သာ ဖြစ်ပြီး၊ ၄င်းရည်ရွယ်ချက်အား လွဲချော်သွားစေမည့် တွေ့ရှိချက်များကို ကြေညာခြင်း မတတ်နိုင်ပါ။ ဥပမာအားဖြင့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်သည် ငွေကြေး အကျိုးအမြတ်ကိစ္စဖြစ်ပါက မိမိ၏ တွေ့ရှိချက်သည် လူသားတို့အနေဖြင့် ပိုက်ဆံမကုန်ဘဲ အိမ်ရှိပစ္စည်းဖြင့် ရောဂါပျောက်နိုင်သော ဆေးဝါးမျိုးဖြစ်ပါက ထိုတွေ့ရှိချက်ကို တရားဝင် ကြေညာမည့်အစား၊ ထိုဆေးကို ပုံဖျက်၍ အဆင့်မြင့်သယောင်ဖြင့် မူပိုင်ပြီး ဈေးကြီးစွာဖြင့် ရေင်းချနိုင်ရန် လုပ်မည်သာဖြစ်သည်။ ထိုနည်းတူ စစ်ရေး၊ နိုင်ငံရေးတို့တွင်လည်း ဤပုံစံသာ ဖြစ်သည်။

  • Professional ပညာရှင်များ အနေဖြင့် မိမိတို့ ရယူထားသော ရာထူး၊ လစာ၊ ဂုဏ်သိက္ခာတို့ကို မပျောက်ပျက် မဆုံးရှုံးရစေရန် ကာကွယ်ရခြင်းမှာ ပုဂ္ဂိုလ်ရေး၊ မိသားစုရေးအတွက် တာဝန်ဖြစ်နေချိန်၌ အပျော်တမ်းဝါသနာရှင် ပညာရှင်များသည် မိမိတို့ စိတ်ဝင်စားရာ ၀ါသနာပါရာကို ပို၍ လုပ်ဖြစ်တတ်ကြပါသည်။ သို့သော်လည်း တာဝန်မဲ့သော အပျော်တမ်းဝါသနာရှင်များလည်း ရှိတတ်သောကြောင့် မည်သည့်ကိစ္စကို မဆို ကိုယ်တိုင်သုံးသပ် လေ့လာမှုသာ အဓိကကျပါသည်။

အဆိုပြုသူတို့ဘက်မှ ဖြစ်နိုင်စရာ အခြေအနေများ၊ မဖြစ်နိုင်သော အခြေအနေများ၊ ငြင်းဆိုသူတို့ဘက်မှ ကြောင်းကျိုးဆီလျော်သော ငြင်းဆိုချက်များ၊ တစ်ဝက်မှား တစ်ဝက်မှန် ဖြောင့်ကွယ် ငြင်းဆိုချက်များကို ဤဆောင်းပါးတွင် ဘက်ပေါင်းစုံမှ တင်ပြထားပါသည်။ ချင့်ချိန်ရန်မှာ စာဖတ်သူ၏ တာဝန်သာ ဖြစ်ပါသည်။

(ကျန်ရှိသော အပိုင်းများအတွက်- MM Astrology မှ ထုတ်ဝေသော Iphone, Google Apps တွင် ဆက်လက် လေ့လာနိုင်ပါသည်။)

ဆက်လက်၍...

Friday 1 October 2010

မင်္ဂလာပါခင်ဗျာ။

ဒီဘလော့လေးကို Friday, 1 October 2010 နေ့မှာ စတင်ဖန်တီးခဲ့ပါတယ်ခင်ဗျ။ အာကာသ၊ သဘာဝ စတဲ့အကြောင်းအရာများစွာမှ စိတ်ဝင်စားဖွယ်များကို မြန်မာစာဖတ်သူလက် အပ်သွင်းဖို့ရည်ရွယ်ခဲ့ပါတယ်။ လောလောဆယ် ဘယ်အကြောင်းအရာတွေ အထူးပြုဖေါ်ပြဖြစ်မယ်ဆိုတာ အသေအချာ ကောက်ချက်မချရသေးပေမယ့် အာကာသပစ္စည်းတွေအကြောင်း အလေးပေးမှာမို့ celestial လို့နာမည်ပေးထားပါတယ်။ တနည်းအားဖြင့် အဟောပညာရပ်တွေနဲ့ မဆိုင်တဲ့ နက္ခတ္တဗေဒနဲ့ဆိုင်တာတွေ တော်တော်ပါလာမယ်လို့ ယူဆလို့ဖြစ်ပါတယ်ခင်ဗျ။

ဘာ့ကြောင့် ယူဆယုံမျှပြောနိုင်ပါသလဲဆိုတော့ ပင်တိုင်စာမူများကို ဆရာနျူမာန်ဆီက တောင်းယူမှာမို့ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော့်နဲ့ မိုဟွမ်အနေနဲ့ ဘာသာပြန်စာမူများသာ ပိုစ့်ရေးနိုင်မှာမို့ဖြစ်ပါတယ်ခင်ဗျ။

အတတ်နိုင်ဆုံးကတော့ မြန်မာစာဖတ်သူများလက်သို့ အာကာသသျှတ္တရစာပေများ ၀ကွပ်အပ်ချင်လို့ဖြစ်ပါတယ်ခင်ဗျ။ ဒီပညာရပ်နဲ့ပတ်သတ်တဲ့ အခြားမြန်မာဘလော့တစ်ခု ရှိနှင့်ပါတယ်ခင်ဗျ။ ဘလော့လိပ်စာက ဒီမှာပါခင်ဗျ။ http://myanmarastronomy.blogspot.com/

မြန်မာလူငယ်များအကျိုးအတွက် တစ်ထောင့်တစ်နေရာမျှ ပါဝင်ပံ့ပိုးနိုင်ရင်ပဲ ဘလော့လေးဖန်တီးရကျိုးနပ်ပါပြီခင်ဗျ။

ကျွန်တော်ကတော့ ဘာသာပြန်သက်သက်ပါ။

အားလုံးကို လေးစားလျှက်
ကိုပခန်း

ဆက်လက်၍...